ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ Deacon၄ပါး ထပ်မံရရှိခြင်း
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ Deacon၄ပါး ထပ်မံရရှိခြင်း
၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့ နံနက်၈နာရီအချိန်တွင် Deacon သိက္ခာ ခံယူခြင်း အခမ်းအနားကို ပုသိမ်မြို့ စိန့်ပီတာ ကာသီဒြယ်ကျောင်းတော်ကြီးတွင် ကျင်းပ ခဲ့ပါသည်။
Deacon သိက္ခာခံယူခဲ့သောသူများမှာ Bro.Bartholomeus ချန်းလုံထွန်း (မေရီလန်းသာသနာ), Bro. Raymond စစံကျော်သူ(ချမ်းသာကုန်းသာသနာ), Bro. Sylvester စောဧဒင်ဦး (ဇောင်းတန်းသာသနာ) နှင့် Bro.Christopher စနန်းဝင်း (ကနစိုးကုန်းသာသနာ) တို့ဖြစ်ကြပါသည်။ ပုသိမ်ကက်သလစ်သာသနာ ဆရာတော်ကြီး Bishop Henry Eikhlein၏ လက်တော်မှ Deacon သိက္ခာကို ခံယူခဲ့ကြပါသည်။
Deacon သိက္ခာကို ခံယူမည့် ဤBrother၄ပါးသည် ဘဝတစ်လျောက်လုံး အိမ် ထောင်မပြုပဲ သန့်ရှင်းသောငယ်ဖြူဘဝဖြင့် သက်ဆုံးတိုင် နေထိုင်သွားမည့်အကြောင်း နှင့် အကြီးအကဲအဖဆရာတော်ကြီးကို နာခံပါမည်ဟူသည့် ကတိ သစ္စာနှစ်ပါးကို ဘုရားရှေ့ လူရှေ့မှာ ကတိပြုရမည်ဖြစ်ကြောင်း, ဤသူတို့သည် Deacon ဖြစ်သွားလျှင် တာဝန်ကျရာနေရာများ၌ ရဟန်းတော်များအား ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း Fr. George အယ်ဒိုမှ Deacon များ၏ ဘဝအသက်တာကိုရှင်းပြခဲ့ပါသည်။
ဆရာတော် Henry Eikhleinမှ သူတော်စင်ဘောင်သို့ဝင်ရန် လူငယ်များကို ဖိတ်ခေါ်ရင်း ယနေ့ Deacon သိက္ခာခံယူသူများ၏ မိဘဆွေမျိုးများကိုလည်း ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါသည်။
“ဒီပုသိမ်သာသနာမှာ ချစ်စရာဓလေ့တစ်ခုရှိပါတယ် အဲ့ဒါကတော့ သူတောင်စင်ဘောင်သို့ခေါ်တော်မူခြင်းရရှိရန်အတွက်ဆုတောင်းမေတ္တာကို ဂိုဏ်းအုပ် သာသနာတစ်ခုလုံးမှာ ဆိုကြတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်။ သူတော်စင်တွေ အတွက် အထူးဆုတောင်းပေးဘို့လိုပါတယ်။ ဟု တိုက်တွန်းရင်း ယနေ့ Deacon သိက္ခာခံယူကြသော Deacon များအတွက်လည်း ဆုတောင်းပေးကြရန် ဖိတ်ခေါ်ခဲ့ပါသည်။
နိုင်ငံရေးအခြေအနေတွေထဲမှာ ယုံကြည်ခြင်းတွေ စိတ်ဓာတ်တွေ မယိမ်းယိုင်ဘို့, ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အသံတွေကို နားထောင်နေတဲ့အကြောင်း, ကျွန်ုပ်တို့ ရဲ့အဓိကတာဝန်က ချစ်ခြင်းမေတ္တာရှင် ငြိမ်းချမ်းရေးအရှင် ဘုရားသခင်ကို လောကထဲ ခေါ်ဆောင်လာရန်ဖြစ်ကြောင်း, ရဟန်းမင်းကြီး ပါးပါးဖရန်စစ်က ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းပေးနေကြောင်း မွန်ဆီညော် အန်ဒရီးယားမှ အလေးအနက်ထား မိန့်ကြားသွားခဲ့ပါသည်။
Deacon Raymond စစံကျော်သူ မှ Deacon အားလုံးရဲ့ကိုယ်စား ကျေးဇူးတင် စကားကို ပြောကြားခဲ့ပါသည်။
ယနေ့မစ္ဆားတရားတော်မြတ်၌ ပါဝင်သူ အယောက်၄၀၀ နီးပါးခန့်ရှိပြီး နံနက်၁၁နာရီ ဝန်းကျင်အချိန်တွင် Deacon သိက္ခာတင်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ ပါသည်။